ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိ ဘယ်လိုသိမလဲ
ကင်ဆာရောဂါ ဖြစ်မှာကို မကြောက်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကြောက်ကြပေမယ့်လည်း ကင်ဆာဆိုတာ ဖြစ်ခါမှသာသိပြီး၊ တစ်ခါတစ်လေ အချိန်လွန်ခါမှသိပြီး စိတ်ဓာတ်ကျ ယူကြုံးမရ ဖြစ်ကြတာ များပါတယ်။
ဒါဆို ကင်ဆာဖြစ်နိုင်ခြေရှိလား၊ မရှိဘူးလားကို သိနိုင်မလား ဆိုရင်တော့ သိနိုင်ပါတယ်လို့ ပြောရပါမယ်။
ဖြစ်နိုင်ခြေဆိုတာ သေချာပေါက်ဖြစ်မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
တချို့ အခြေအနေတွေကို ကြည့်ပြီး ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကို မှန်းဆလို့ ရသလို ကြိုတင်ကာကွယ်နိုင်တာမျိုးလည်း ရှိပါတယ်။ (ဥပမာ…ဆေးလိပ်သောက်တဲ့သူဟာ အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါတော်တော်များများရဲ့ အဓိက တရားခံပါ။ ဆေးလိပ်ဖြတ်တာဟာ ကင်ဆာဖြစ်နိုင်ခြေကို အနည်းနဲ့ အများတော့ လျှော့ချနိုင်မှာပါပဲ။) ကင်ဆာရှိခဲ့ရင်လည်း စောစီးစွာ သိပြီး ကုသမှုအချိန်မီရင် ပျောက်ကင်းသက်သာကာ သက်တမ်းစေ့ နေရနိုင်တာမျိုးလည်း ရှိပါတယ်။
ဘယ်လိုလူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများလဲ?
- အသက်ကြီးတဲ့သူ
- မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိသူ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သူ
- အရက်အလွန်အကျွံ သောက်သူ
- အဝလွန်သူ
- တချို့ဓာတုပစ္စည်းနဲ့ ထိတွေ့မှုရှိသူ (ဥပမာ…Benzene ပါတဲ့ ကုန်ပစ္စည်းတွေကြောင့် သွေးကင်ဆာဖြစ်နိုင်တာ)
- တချို့ဗိုင်းရပ်စ်ပိုးတွေ ရှိသူ (ဥပမာ…Human Papillomavirus (HPV) ရှိသူမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်တာ)
- ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့ဖူးသူ (ဓာတ်ကင်ခံရဖူးသူ၊ ဓာတ်မှန်ခဏခဏရိုက်ဖူးသူ၊ နေရောင်ခြည်ထဲက UV Rays ထိတွေ့မှုများသူ) တွေဟာ ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
ကင်ဆာဖြစ်နိုင်ခြေ များနေရင် ဘာလုပ်ရမလဲ?
ကင်ဆာဖြစ်နိုင်ခြေများတဲ့သူတွေဟာ ကင်ဆာရှိမရှိ ပုံမှန်စစ်ဆေးပြီး ရှိရင်လည်း စောစောသိပြီး စောစောကုသမှုရအောင် လုပ်လို့ရပါတယ်။ (ဥပမာ…ရင်သားဓာတ်မှန်ရိုက်ခြင်း - Mammogram၊ အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း - Colonoscopy)
ရင်သားကင်ဆာရှိတဲ့ မိခင်ရဲ့ သမီးဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နှစ်ဆရှိတာမို့ မဖြစ်ခင် ရင်သားကို ခွဲစိတ်ဖြတ်ထုတ်ထားရင် ၉၅ % ကာကွယ်နိုင်ပါတယ်။
တိုးတက်တဲ့နိုင်ငံတွေမှာ ဆိုရင် ကင်ဆာမျိုးရိုးရှိတဲ့အခါ မိမိမှာလည်း ကင်ဆာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ (Gene) ပါလာမလာကို စစ်ဆေးလို့ရနေပါပြီ။
ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာ၊ ကိုယ်အလေးချိန်လျှော့တာတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။
ကင်ဆာဖြစ်နိုင်ခြေ ရှိနေတာဟာ သေချာပေါက် ကင်ဆာဖြစ်မယ်လို့ ပြောလို့ရတဲ့ အရာတော့ မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး မိမိမှာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ များနေခဲ့ရင် ဘယ်လိုရှောင်လွဲမလဲ၊ ဖြစ်လာခဲ့ရင် စောစောသိရအောင် ဘယ်လိုလုပ်မလဲဆိုတာ သေချာပြင်ဆင်နိုင်ရင် သက်တမ်းစေ့နေနိုင်မှာ အသေအချာပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာယဉ်ရွှေရည်